ကျွန်းလှ ဇန်နဝါရီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံစိုက်ပျိုးကြရာ ကိုက်လန်သီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ရရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ကျွန်တော် ဒီနှစ်ဆောင်းရာသီမှာ ချောင်းရေတင်ပြီး ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးထားပါတယ်။ ကန့်လန့်သီးနှံကို အပင် ၂၅၀၀ စိုက်ပျိုးခဲ့ရာ သီးနှံပေါ်ချိန် ၁၀ စည်းပါ အထုံးကြီးတစ်ထုံးကို ငွေကျပ် ၃၀၀၀၊ ၄၀၀၀ ရောင်းခဲ့ရပြီး မိသားစုအတွက် တစ်နေ့ငွေကျပ် ၃၀၀၀၀ ကျော်ဝင်ငွေရရှိပါတယ်။ အခုအခါမှာ အထုံးကြီးတစ်ထုံးကို ငွေကျပ် ၁၅၀၀ ဈေးရှိပေမယ့်လည်း သီးနှံရှားချိန် ဈေးကောင်းရရှိဖို့ ဆက်လက်စိုက်ပျိုးထားပါတယ်” ဟု ရှမ်းစုကျေးရွာ ကိုက်လန်စိုက်တောင်သူတစ်ဦးက ပြောသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံ ၁၀၆၇ ဧက စိုက်ပျိုးထားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝအားဆေး၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးပြေးဆေး ပြုလုပ်သုံးစွဲနည်းများ ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ