ကြံခင်း ဇန်နဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် နိုင်ငံတော်အတွက် လိုအပ်သော ဘက်စုံထူးချွန်သည့် လူ့စွမ်းအားအရင်အမြစ်များစွာ ပေါ်ထွန်းလာစေရေးအတွက် ဆရာ၊ မိဘ၊ ကျောင်းသားများဖြင့် ပူးပေါင်းကျင်းပသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့၊ (အ.မ .က)ရွာသစ်မြောက် ကျောင်းဝန်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို (အ.မ.က)ရွာသစ်မြောက်ကျောင်းမှ ကျောင်းသား/သူလေးများက “စုံညီပွဲတော် တို့နွှဲပျော်” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေးက အဖွင့်အမှာစကားပြောကြားပြီး၊ (အ.မ.က)ရွာသစ်မြောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီသန္တာအောင်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ရည်ရွယ်ချက်အား ပြောကြားပြီးနောက်၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီအဖွဲ့ဝင် ဦးနိုင်ဦးက ကျောင်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။
ဆက်လက်ပြီး ဆုများချီးမြှင့်ပေးအပ်ရာ မြို့နယ်အဆင့်သင်္ချာစွမ်းရည်(ဒုတိယဆု)ရ (Grade-5) ကျောင်းသားမောင်ရှိုင်းဇေယျာပိုင်အားလည်းကောင်း၊ စာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ (မူလတန်းဆင့်)ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲဝင်ဆုများ ၊ကျောင်းတွင်းကာယ၊ ဉာဏပြိုင်ပွဲဆုများ၊ ကျောင်းတက်မှန်ဆုရသူ ကျောင်းသား/သူများ၊ စုစုပေါင်း(၁၀၉)ဆုနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းကတ်များကို တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ကြပြီး၊ ကျောင်းသား/သူများက “ဘက်စုံပညာရည်တို့လှမ်းချီ” သီချင်းနှင့် ပဒေသာကပွဲများဖြင့် ကပြဖျော်ဖြေကြသည်။
ပညာရေးစုံညီပွဲတော်သို့ မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေးနှင့်တာဝန်ရှိသူများ၊ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာမကြီးများ၊ (အ,မ.က)ရွာသစ်မြောက် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီအဖွဲ့ဝင်များ၊ ဆုရကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)