သဲကုန်း ဇန်နဝါရီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ရွှေအရောင်းအဝယ်ပြုလုပ်သော လုပ်ငန်းရှင်များအား ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ပြုလုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးက ဓာတ်သတ္တု(ရွှေ) အရောင်းအဝယ်ပြုလုပ်သော လုပ်ငန်းရှင်များအနေဖြင့် သက်မှက်ကာလအတွင်း အချိန်မီလုပ်ငန်းလိုင်စင်ပြုလုပ်ကြရန်၊ လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် ပတ်သက်သော တားမြစ်ချက်များ၊ လုပ်ငန်းလိုင်စင်ပြုလုပ်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ လုပ်ငန်းလိုင်စင်စိစစ်ရေးအဖွဲ့မှ ချမှတ်ထားသော အချက်များ၊ ဆောင်ရွက်ခြင်းမရှိသော လုပ်ငန်းရှင်များအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ကြောင်း၊ လုပ်ငန်းလိုင်စင်ပြုလုပ်ရာတွင် သက်ဆိုင်ရာဌာနများအနေဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန် ရှင်းလင်းပြောကြားခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သဲကုန်းမြို့နယ်အတွင်းရှိ ရွှေလုပ်ငန်းရှင်အသင်း၊ ရွှေလုပ်ငန်းရှင်များ စုစုပေါင်း (၄၃) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ကိုကျော် (ပြန်/ဆက်)