ပေါင်းတည် အ-ထ-က(မင်းကွက်)၌ မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေး စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲ ပြပွဲကျင်းပ

ပေါင်းတည် ဇန်နဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(မင်းကွက်)၌ ယနေ့ နေ့လယ်ပိုင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ဥပဒေရုံး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးဟောပြောပွဲ စာအုပ်ပြပွဲကျင်းပပြုလုပ်ခဲ့ကြသည်။

ဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဇော်နိုင်က မူးယစ်ဆေးဝါးဆိုးကျိုး၊ မြို့နယ်ဥပဒေအရာရှိ ဦးရဲမင်းဝင်းက ပြစ်မှုဥပဒေများအကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်း ဟောပြောပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်းသိန်းက စားသုံးရန်မသင့်သော အစားအစားများနှင့် ကုန်ညွှန်းအမှတ်အသားများအကြောင်း ဟောပြောကြကာ ကျောင်းသား၊ ကျောင်းသားများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ခင်းကျင်းပြသခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ရွှေသား (ပြန်/ဆက်)