စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (သာယာဝတီ) ၌ နဝမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်း

သာယာဝတီ ဇန်နဝါရီ ၁၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံဌာနခွဲ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ၏ နဝမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးထွဋ်နှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘ/ဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဘွဲ့နှင်းသဘင်စင်မြင့်ရှိ သတ်မှတ်နေရာအသီးသီး၌ နေရာယူကြပြီး တက်ရောက်လာကြသူများနှင့်အတူ နိုင်ငံတော်သီချင်းဖြင့် နိုင်ငံတော်အလံကို အလေးပြုကြသည်။ 

ယင်းနောက် ဒုတိယဝန်ကြီးက အထူးပြုဘာသာရပ်အလိုက် ဘွဲ့ရရှိသူများကို ဘွဲ့လက်မှတ်များ အသီးသီးအပ်နှင်းချီးမြှင့်သည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(သာယာဝတီ)၏ နဝမမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းသည့် အခမ်းအနားတွင် ဘွဲ့ရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးထွဋ် ထံသို့ပို့ဆောင်ပေးခဲ့ရာ ၂၀၂၄ ခုနှစ်တွင် စိုက်ပျိုးရေးဒီပလိုမာကို ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ပြီဟု ပညာရေးအဖွဲ့က ကြေညာခြင်းခံရသူ ကျောင်းသား၊ ကျောင်းသူ ၁၃၇ ဦးတို့အား စိုက်ပျိုးရေးဒီပလိုမာအောင်လက်မှတ်များ အပ်နှင်းချီးမြှင့်ခဲ့ကြောင်း သိရသည်။

သန့်ဇော်