အနောက်မြောက်တိုင်းစစ်ဌာနချုပ် အားကစားခန်းမတွင် အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်

မုံရွာ ဇန်နဝါရီ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတို့ ပူးပေါင်း၍ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အားကစားခန်းမတွင် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် ရှေးဦးစွာစစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးမှ အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ရခြင်းဖြင့် မိသားစု၏စီးပွားရေးအတွက် အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေပြီး ဝင်ငွေတိုးပွားစေရန်နှင့်မိမိနေထိုင်ရာ ပတ်ဝန်းကျင်အတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရအလုပ်အကိုင်ရရှိရေး အထောက်အကူပြုစေရန်တို့အတွက် ရပ်ရွာအခြေပြု အိမ်တွင်းမှုသင်တန်းများကို ဖွင့်လှစ်ပေးခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းကို ဇန်နဝါရီ ၁၆ ရက်နေ့မှ ဖေဖော်ဝါရီ ၅ ရက်နေ့ထိ (၂၀) ရက်ကြာ သင်တန်းပို့ချသွားမည်ဖြစ်ပြီး သင်တန်းသူ (၂၅)ဦး တက်ရောက်လျက်ရှိကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)