ကြံခင်းမြို့ ကျောင်းအခြေပြု တီဘီစမ်းသပ်ရှာဖွေစစ်ဆေးခြင်းကို ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(မုတ်ထုတ်)တွင် ကွင်းဆင်းဆောင်ရွက်

ကြံခင်း ဇန်နဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ​မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျောင်းအခြေပြု တီဘီရောဂါ စမ်းသပ်ရှာဖွေကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဘုန်တော်ကြီးသင်ပညာရေးကျောင်း(မုတ်ထုတ်)စာသင်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ဘုန်တော်ကြီးသင်ပညာရေးကျောင်းသို့ ကွင်းဆင်း၍ ရှင်သာမဏေ၊ သီလရှင်နှင့် ကျောင်းသား၊ ကျောင်းသူများအား တီဘီရောဂါ လက္ခဏာများနှင့် တီဘီရောဂါဖြစ်ပွားစေတတ်သော အကြောင်းအရာများအား မေးမြန်းခြင်းနှင့် တီဘီရောဂါ ရှိ/မရှိ စစ်ဆေးဆောင်ရွက်ကြသည်။

ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်သင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများ တီဘီရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်နှင့် တီဘီရောဂါပိုး စောစီးစွာ ရှာဖွေဖော်ထုတ်ကုသနိုင်ရန်ရည်ရွယ်ပြီး အခြေခံပညာကျောင်းစုစုပေါင်း(၁၂၄)ကျောင်းကို ကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက်ရှိရာ ၇၀ ရာခိုင်နှုန်းကျော် စစ်ဆေးဆောင်ရွက်ပြီးစီးကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)