စစ်ကိုင်းမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေး

စစ်ကိုင်း ဇန်နဝါရီ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်ကိုင်းမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီလ(၁၅)ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးဆန်းအောင်က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာတိုင်းဒေသကြီးဦးစီးမှူး ဦးဆန်းအောင်က စစ်ကိုင်းမြို့နယ်ဦးစီးမှူးရုံးတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ လာရောက်ဆောင်ရွက်နေသည့် ပြည်သူများအားတွေ့ဆုံပြီး သတ်မှတ်ထားသည့် ထောက်ခံချက်များ၊ အချက်အလက်များပြည့်စုံပါက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို အမြန်ဆုံး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လုပ်ငန်းများအဆင်ပြေစေရေးအတွက် ပြည်သူများက ဝန်ထမ်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်တိုင်းဒေသကြီးဦးစီးမှူး ဦးဆန်းအောင်နှင့် ခရိုင်ဦးစီးမှူး ဦးညီညီဇော်တို့သည် စစ်ကိုင်းမြို့နယ်ရုံး၏ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စုလူဦးရေ စာရင်းများ ဆောင်ရွက်ပေးနေမှု၊ Bio Metric ရေးသွင်းဆောင်ရွက်နေမှုနှင့်မှတ်တမ်းများ ထိန်းသိမ်းထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးရာ စစ်ကိုင်းမြို့နယ်ဦးစီးမှူး ဦးလေးမောင်နှင့်ဝန်ထမ်းများက ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ဇော်မြင့်နိုင်(ပြန်/ဆက်)