ကရင်ပြည်နယ် ပညာရေးစုံညီပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဘားအံ ဇန်နဝါရီ ၁၆

အခြေခံပညာကဏ္ဍတွင် ပညာရည်မြင့်မားပြီး ကျန်းမာကြံ့ခိုင်၍ အကျင့်စာရိတ္တကောင်းမွန်သော ဘက်စုံထူးချွန်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန် ကရင်ပြည်နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကရင်ပြည်နယ်ပညာရေးစုံညီပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဘင်ခရာ၊ ပန်းပွားအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြသည်။

ထို့နောက် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ဂုဏ်ပြုခံစင်မြင့်ထက်ရှိ ပြည်နယ်ဝန်ကြီးချုပ်အား ဂုဏ်ပြုဂါရဝပြုကြပြီး အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၄၀၀ ဦးက ဘင်ခရာ၊ ပန်ပွားအဖွဲ့တို့ဖြင့်လည်းကောင်း၊ ကဗျာလွတ်အက၊ မြန်မာ့ရိုးရာသိုင်း၊ Fitness Dance တို့ဖြင့်လည်းကောင်း သရုပ်ပြတင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီး ပေးအပ်ကာ ကျောင်းသား၊ ကျောင်းသူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်အတွင်းရှိ ခရိုင်များအလိုက် အခြေခံပညာကျောင်းများနှင့်ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၏ အနုပညာ၊ သိပ္ပံ၊ စာပေ၊ အကြိုသက်မွေး၊ အိမ်တွင်းမှု၊ သင်ထောက်ကူ အစရှိသော ကျောင်းတွင်းလှုပ်ရှားမှု ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ပညာရေးစုံညီပွဲတော်အခမ်းအနားကို အဆိုပါကျောင်း ရွှေရတုခန်းမ၌ ကျင်းပရာ အမှတ် (၅) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော်တို့နွှဲပျော် တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့အခမ်းအနားသည် ဘက်စုံပညာ ထူးချွန်ထက်မြတ်ပြည့်ဝသည့် ကျောင်းသား၊ ကျောင်းသူများ၊ စာပေပြိုင်ပွဲ ထူးချွန်သူများ စသည်ဖြင့် ကျောင်းသားများ၏ ဗီဇစွမ်းရည်များကို ဂုဏ်ပြုသည့် အခမ်းအနားဖြစ်၍ အထူးပင်ကြည်နူးမိပါကြောင်း၊ ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများမှ ဆရာ၊ ဆရာမများကလည်း မိမိတို့ကျောင်းများ ပိုမိုတိုးတက်မြင့်မားလာအောင်၊ မိမိတို့၏တပည့်များ ယခုကဲ့သို့ ဂုဏ်ယူထိုက်သည့် ထူးချွန်သူများဖြစ်အောင် မိမိတို့၏စေတနာ၊ သိက္ခာ၊ ပညာ၊ ဝီရိယများကို အစွမ်းကုန်မြှင့်တင်ပြီး လေ့ကျင့်သင်ကြား မြေတောင်မြှောက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားတွင် ဆုချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အခြေခံပညာကဏ္ဍလှုပ်ရှားဆောင်ရွက်မှု ထူးချွန်သောမြို့နယ်များ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ကျောင်းများနှင့် ငါးနှစ်ဆက်တိုက်အောင်ချက် အကောင်းဆုံး မြို့နယ်ဆု၊ ထူးချွန်လူရည်ချွန်ဆု၊ နိုင်ငံတကာအဆင့်၊ ဗဟိုအဆင့်နှင့် ပြည်နယ်အဆင့်ပြိုင်ပွဲများတွင် ထူးချွန်ဆု စသည်ဖြင့် ဂုဏ်ပြုဆုပေါင်း ၇၉ ဆုကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ဘက်စုံထူးချွန်ကျောင်းများ၏မှတ်တမ်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ပညာရေးလှုပ်ရှားမှု မှတ်တမ်းဗီဒီယိုတို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက အသီးတစ်ရာ အညှာတစ်ခု တေးသီချင်းဖြင့် သရုပ်ဖော်ဖျော်ဖြေခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ထူးချွန်ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)