တောင်တွင်းကြီး ဇန်နဝါရီ ၁၇
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ် ကလေးဘဝမှစတင်၍ စာအုပ်စာပေနှင့်ရင်းနှီးစေရန်၊ စာကြည့်တိုက်များသို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများဖြစ်ပေါ်စေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်းစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့က စာရေးဆရာ ဗန်းမော်သိန်းဖေရေးသားသည့် “မျှဝေလိုသောအတွေးများ (၃)”စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကျောင်းသင်ခန်းစာများကို ကြိုးစားသင်ယူလေ့လာရန် လိုအပ်သလို ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာပေများကိုလည်း လေ့လာဖတ်ရှုမှတ်သားရန်နှင့် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြရမည့် အနာဂတ်လူငယ်များဖြစ်သည့်အတွက် အသိပညာ၊ အတတ်ပညာများနှင့် ဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး စာဖတ်ဝိုင်းကိုကျင်းပရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက "ခေါင်းဆောင်တွေရဲ့ အကောင်းဆုံးမိတ်ဆွေ"၊ "တကယ်စာဖတ်ချင်လား"၊ "စင်္ကာပူကလူငယ်တွေ ဘာလို့စာဖတ်ကြတာလဲ" စသည့် ဆောင်းပါးများအား ဖတ်ကြားခဲ့ပြီး မိမိတို့နားလည်သဘောပေါက်သည်များအား ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ စာရေးဆရာ တောင်တွင်းအောင်သက်ဦး၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်တို့က စာပေလေ့လာဖတ်ရှုခြင်းသည် ကျောင်းပညာရေးကိုလည်း အထောက်အကူဖြစ်စေပါကြောင်း၊ စာပေအုပ်စာပေများ လေ့လာဖတ်ရှုပြီးပါက စာအုပ်ပါအနှစ်ချုပ်အကြောင်းအရာများ၊ မှတ်သားထားသင့်သည်များအား မှတ်စုစာအုပ်ဖြင့် ရေးမှတ်ရန်လိုပါကြောင်း၊ စာဖတ်ခြင်းဖြင့် အခွင့်အလမ်းများကိုရရှိစေပြီး လုပ်ငန်းခွင်အောင်မြင်မှုကိုလည်း ရရှိစေနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းသို့ မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ Grade(6)မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)