လွိုင်ကော် ဒီဇင်ဘာ ၂
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပိန်းချစ်ကျေးရွာတွင် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် အင်အားသစ် စာကြည့်တိုက် အဆောက်အဦးသစ်ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ အဆောက်အဦးသစ်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူ၊ လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းနှင့် စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌတို့က စာကြည့်တိုက် အဆောက်အဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက အဖွင့်အမှာစကား ပြောကြား ရာတွင် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများ ဆွေးနွေးရာတွင် ကျေးရွာပြည်သူများအားလုံး တညီတညွှတ်တည်း ကျေးရွာစာကြည့်တိုက်တည်ဆောင်ရန် ရွေးချယ်ခဲ့ သဖြင့် များစွာကျေးဇူးတင်ဝမ်းမြောက်ရပါကြောင်း၊ ဒီမိုကရေစီခေတ်တွင် အခြေခံကြသည့် ပြည်သူများ အားလုံး အသိပညာဖွံ့ဖြိုးတိုးတက်ရန် လိုပါကြောင်း၊ ထို့ကြောင့် စာများများ ဖတ်စေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်းတို့က အမှာစကားပြောကြားပြီး စာကြည့်တိုက်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်ဖြူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက စာကြည့်တိုက်အတွက် စာအုပ် စာစောင်များ၊ ရေမလို လက်သန့်ဆေးရည်များ ပေးအပ်လှူဒါန်းပြီး စာကြည့်တိုက်အတွင်း လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ စာကြည့်တိုက်အဆောက်အဦးသည် အလျား(၄၀)ပေ၊ အနံ(၂၀)ပေရှိပြီး ပြည်ထောင်စု လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေကျပ်သိန်း (၄၀)နှင့် ပြည်သူလူထု ထည့်ဝင်လှူဒါန်းငွေကျပ် (၅၅)သိန်း စုစုပေါင်း (၉၅) သိန်းဖြင့် အကုန်အကျခံတည်ဆောက်ခဲ့ပြီး စာကြည့်တိုက်အတွင်းရှိ ပရိဘောဂများကို ငွေကျပ် (၇)သိန်းကျော်ခန့် ထပ်မံဝယ်ယူဖြည့်တင်းထားကြောင်းနှင့် စာကြည့်တိုက်ဖွင့်ပွဲကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)