ကသာ ဇန်နဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ကြီးကြပ်မှုဖြင့် ကသာမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက်(၇)နာရီအချိန်က မြို့တော်ခန်းမ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စားအုန်းဆီများရောင်းချပေးရာတွင် လူတစ်ဦးလျှင် စားအုန်းဆီ ၅၀ ကျပ်သားကို ငွေကျပ် ၅၆၅၀ နှုန်းဖြင့် ကသာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လက်ဝယ်အရောက် ရောင်းချပေးခဲ့သည်။ ယခုအချိန်သည် ကုန်ဈေးနှုန်းများ မြင့်တက်လာမှုနှင့်အတူ ပြည်သူများ၏ အထွေထွေကုန်ကျစရိတ် လျော့နည်းလာစေရန်ရည်ရွယ်၍ စားအုန်းဆီကို ပြပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တန်ဖိုးသင့်စားအုန်းဆီရောင်းချပေးခြင်းကို ကသာခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့နှင့် မြို့နယ် ကုန်သည်ကြီးများအသင်းက ဆောင်ရွက်ပေးလျက်ရှိရာ ကသာမြို့နယ်အတွင်းရှိ ဝန်ထမ်းများအား (၂၀)ကြိမ်၊ ဒေသခံပြည်သူ(၂၉)ကြိမ်၊ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား (၁)ကြိမ်၊ မြို့ပေါ်ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ (၃)ကြိမ် စုစုပေါင်း (၅၃) ကြိမ် ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း တာဝနိရှိသူတစ်ဦးထံမှ သိရသည်။
ကျော်စွာ(ကသာ)