အုတ်တွင်းမြို့နယ်၌ စာဖတ်ဝိုင်းကျင်းပ

အုတ်တွင်း ဇန်နဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရေး၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်စေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေ‌ရန်ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က စာရေးဆရာ​မောင်မင်းစိုးရေးသားသည့် “မအောင်မြင်ခြင်းရဲ့ဇာစ်မြစ်များ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဦးဘုန်းမြင့်ကိုက “မအောင်မြင်ခြင်းရဲ့ဇာစ်မြစ်များ” စာအုပ်ပါ အကြောင်းအရာထဲမှ လူငယ်တွေသည် မကောင်းသောဗီဇနှင့် ဝါသနာအားကြီးခြင်း၊ တိကျသောရည်မှန်းချက်မရှိခြင်း၊ သာမန်ထက်ပို၍ တိုးတက်လိုစိတ်မရှိခြင်း၊ လုပ်ငန်း/ဘဝတိုးတက်မည့် အထောက်အကူ ပညာမတတ်ခြင်း၊ အတွေ့အကြုံ ဗဟုသုတမရှိခြင်း၊ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် စည်းကမ်းမရှိခြင်း စသည့်အကြောင်းအရာပါ ခေါင်းစဥ်များအား ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသော စာပေဝါသနာရှင်များမှ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)