ပေါက်ခေါင်း ဇန်နဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်မြင့်မားပြီး၊ စာစီစာကုံးရေးသားမှု ကျွမ်းကျင်ပိုင်နိုင်စေရန်အတွက် စာစီစာကုံးရေးသားနည်းသင်တန်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်ဇင်မင်းမောင်က ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ သင်တန်းများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းနှင့် ကျောင်းသားလူငယ်များ စာရေး၊ စာဖတ်စွမ်းရည်များ တိုးတက်စေရေးနှင့် ဗလငါးတန်ပြည့်ဝစေရန်အတွက် ယခုကဲ့သို့သင်တန်းများ ဆွေးနွေးပွဲများ ဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စာစီစာကုံးရေးသားနည်းသင်တန်းပို့ချရာ သင်တန်းဆရာ ဆရာကြီးဦးသိန်းဇော်ဦးက စာစီစာကုံးစတင်ရေးသားရာတွင် ပါဝင်ရမည့် နိဒါန်း၊ စာကိုယ်နှင့် နိဂုံးအကြောင်းအရာများကို အသေးစိတ်သင်ကြားပေးခဲ့သည်။ သင်တန်းသို့ အ.ထ.က(ပေါက်ခေါင်း)မှ Grade-6 ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး တက်ရောက်သင်ကြားခဲ့ပြီး၊ သင်တန်းကို ဇန်နဝါရီလ ၁၆ ရက်မှ ၁၇ ရက်အထိ(၂)ရက်ကြာသင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)