ဇလွန် ဇန်နဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်က မိတ်ဆက်စကား ပြောကြားခဲ့သည်။ ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးမှူးက လူမှုဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများ၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးက တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက တိုင်းရင်းသားဥပဒေ၊ နည်းဥပဒေများအား အသီးသီးအသိပညာပေးခဲ့ကြသည်။ ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက စိုက်ပျိုးရေးဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက မွေးမြူရေးဆိုင်ရာကိစ္စရပ်များအား အသိပညာပေးခဲ့ကြပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြင့်ခဲ့၍ အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကာ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်စစ်တမ်းကောက်ယူ၍ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့သည်။
ဝေယံ(ပြန်/ဆက်)