တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို ငါးလုပ်ငန်းဦးစီးဌာန၏ ငါး၊ ပုစွန်၊ ကမာ၊ ရေမှော်၊ ရေသတ္တဝါမွေးမြူရေးနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ (Forum) တက်ရောက်

မြိတ် ဇန်နဝါရီ ၁၆

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည်  တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြိတ်ကော်ပို ရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပသည့်  ငါးလုပ်ငန်းဦးစီးဌာန၏  ငါးလုပ်ငန်း ဆိုင်ရာ သုတေသနရန်ပုံငွေထူထောင်မှု သဘောတူစာချုပ်အရ ငါး၊ ပုစွန်၊ ကမာ၊ ရေမှော်၊ ရေသတ္တဝါမွေးမြူရေးနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ (Forum)သို့ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲ (Forum)ကို တိုင်းဒေသကြီးအတွင်း မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ မွေးမြူရေးထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ပြီး ဒေသအတွင်း ငါးရိက္ခာဖူလုံစေ၍ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိစေရန်၊ သဘာဝပင်လယ်ပြင် ငါးဖမ်းဆီးခြင်းအစား မွေးမြူရေးကဏ္ဍမှ မွေးမြူရေးထုတ်ကုန် ပိုမိုတိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် ငါးသယံဇာတလျော့နည်းခြင်းကို ကာကွယ်နိုင်စေရန်၊ သုတေသနလုပ်ငန်းများဖြင့် မွေးမြူထုတ်လုပ်မှုကို အထောက်အကူပြုစေနိုင်ရန်၊ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပေါများခြင်းဖြင့် ဒေသအတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေတိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲ (Forum)တွင် ဝန်ကြီးချုပ် ဦးမြတ်ကိုက  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် မွေးမြူရေးလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည့်အတွက် ဒေသတွင်း မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းရှင်များအနေဖြင့် တစ်နိုင်တစ်ပိုင်မွေးမြူခြင်းမှ သားပေါက်များထုတ်လုပ်နိုင်သည်အထိ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် တိုင်းဒေသကြီးအတွင်းမွေးမြူရေးကဏ္ဍ ထုတ်လုပ်မှုများတိုးတက်လာမှာဖြစ်ကြောင်း၊ ရေလုပ်ငန်းများဖွံ့ဖြိုးတက်ရန် တန်ဖိုးရှိသည့် အဏ္ဏဝါ ပင်လယ်ရှိကာ ရေသယံဇာတများရှိ၍ ပင်လယ်ကိုမှီခိုပြီး လုပ်ကိုင်နေကြသည့် အောင်မြင်နေသောလုပ်ငန်းရှင်များရှိ၍ ဒေသတွင်းတန်ဖိုးရှိသည့် အဏ္ဏဝါနှင့်ပတ်သက်ပြီး အထောက်အကူပြုသည့် မြိတ်တက္ကသိုလ်ရှိကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေလုပ်ငန်းရှင်များ၊ ရေသယံဇာတများ၊ အဏ္ဏဝါရေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်ဆောင်ရွက်ပေးနိုင်သည့်ပညာရှင်များ မွေးထုတ်ပေးနေသည့် တက္ကသိုလ်ရှိသည့်အတွက် ဒီ(၃)ခုကို ဆက်စပ်ပြီး ဆောင်ရွက်ရန် အဓိက ပံ့ပိုးကူညီမှုနှင့် ပေါင်းစပ်ညှိနှိုင်းမှုလိုအပ်ကြောင်း၊   ရေလုပ်ငန်းနှင့်ပတ်သက်သည့် သုတေသနရန်ပုံငွေဖြင့်  တက္ကသိုလ်ကျောင်းသား/သူများ၏ စာတမ်းများဖတ်ကြားခြင်းနှင့် သုတေသနဆောင်ရွက်ရာတွင် လိုအပ်သည့် အထောက်အကူပြုပစ္စည်းများ ပံ့ပိုးကူညီဆောင်ရွက်ခြင်းနှင့် ကျောင်းသား/သူများအတွက် လိုအပ်ပါက ကျောင်းစရိတ်များလည်း ပံ့ပိုးပေးရန်လိုအပ်ပါကြောင်း၊ ဆွေးနွေးပွဲတွင် စာတမ်းရှင်၊ ပညာရှင်များ၏ ဆွေးနွေးမှု၊ အကြံပေးမှု၊ လုပ်ငန်းရှင်များ ရဲ့ အပြန်အလှန်ဆွေးနွေးမှု ရလာဒ်အချက်အလက်များသည် တိုင်းဒေသကြီး၏ မွေးမြူရေးကဏ္ဍ အကျိုးရလာဒ်များ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်  တိုင်းဒေသကြီး  စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက  တိုင်းဒေသကြီးအတွင်း မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရေနေသတ္တဝါများ မွေးမြူဆောင်ရွက်နေမှု၊ ထုတ်လုပ်တင်ပို့နေမှု အခြေအနေများနှင့် ဈေးကွက်အခြေအနေများ၊ မွေးမြူရေး သုတေသနဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ငါးလုပ်ငန်းဦးစီး ဌာန  ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက  ဆွေးနွေးပွဲကျင်းပရသည့် ရည်ရွယ်ချက်များ၊ ရေလုပ်ငန်းစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးနှင့် လိုက်နာရ မည့်အချက်များကို ရှင်းလင်းပြောကြား၍ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလှသန်းက ကြိုဆိုနုတ်ခွန်း ဆက်စကားနှင့် သုတေသနရန်ပုံငွေ ဆောင်ရွက်ချက်များ ရှင်းလင်း ပြောကြားပြီး ဆွေးနွေးပွဲ စတင်ခဲ့ကြသည်။

ငါး၊ ပုစွန်၊ ကမာ၊ ရေမှော်၊ ရေသတ္တဝါမွေးမြူရေးနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ(Forum)တွင် စာတမ်းရှင်၊ ပညာရှင်များက သုတေသနစာတမ်း(၁၄)စောင်ကို ဆွေးနွေးကြမည်ဖြစ်ကာ ပညာရှင်များ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ တိုင်းဒေသကြီးငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ရေလုပ်ငန်းရှင်များ၊ တက္ကသိုလ် ကျောင်းသား/ကျောင်းသူများက တက်ရောက်အကြံပြု ဆွေးနွေးကြမည်ဖြစ်၍ ဆွေးနွေးပွဲကို ဇန်နဝါရီ (၁၆) ရက်နှင့် (၁၇)ရက် (၂)ရက်ကြာဆွေးနွေးကြမည်ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင်  ငါး၊ ပုစွန်၊ ကဏန်း၊ ဂျင်းခရု အစရှိသည်ဖြင့် မွေးမြူ ဆောင်ရွက်လျက်ရှိပြီး ရေငန်ပုစွန်မွေးမြူခြင်းကို မြေသားကန်များဖြင့် မွေးမြူဆောင်ရွက်လျက်ရှိကြောင်း၊ ရေငန်ပုစွန်မွေးမြူခြင်းကို ပြည်တွင်း၊ ပြည်ပပညာရှင်များဖြင့် (၂၂၁၇.၅၆) ဧကတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး  ငါးမွေးမြူရေးအနေဖြင့် သဘာဝရေပြင်တွင် Cage Culture ဖြင့် ကျောက်ငါး၊ ကကတစ်ငါးများ မွေးမြူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)