အိမ်မဲ ဇန်နဝါရီ ၁၆
လူငယ်များဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာ စကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် မိုဘိုင်းဖုန်းသုံးစွဲခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို အ-လ-က ဂယက်ကြီးကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ၊ မြို့နယ်လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ဒေါ်စုမြတ်သဲနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမော်တို့နှင့်အတူ Grade-9 ကျောင်းသား/သူများဖြစ်ကြသော မောင်စိုးမိုးသူ၊ မောင်အောင်ကျော်ထွေး၊ မောင်ကျော်စွာဝင်း၊ မောင်ဇင်မင်းသက်၊ မောင်ကျော်သူစွမ်း၊ မောင်လရောင်လင်း၊ မအိပြည့်ပြည့်အောင်၊ နန့်အိုင်ရှူခလိန်တို့က မိုဘိုင်းဖုန်းအသုံးပြုခြင်း၏ ကောင်းကျိုး/ဆိုကျိုး၊ မိုဘိုင်းဖုန်းရှိခြင်း၏ အားသာချက်/အားနည်းချက်၊ မိုဘိုင်းဖုန်းစတင်ပေါ်ပေါက်လာပုံ၊ ကျောင်းသား/သူများအနေဖြင့် မိုဘိုင်းဖုန်းကို ပညာရေးတွင် ထိရောက်စွာ အသုံးပြုသင့်ပုံ၊ မိုဘိုင်းဖုန်းအလွန်အကျွံသုံးစွဲခြင်း၏ ဆိုးကျိုးအန္တရာယ် အစရှိသည့် ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် အခမ်းအနားတက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှု များနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်း ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများနှင့် ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကာ အခမ်းအနားသို့ အ-လ-က ဂယက်ကြီး ကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရာက်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသ ရရှိစေမည့် စာအုပ်စာစောင်များ၊ လူကုန်ကူးမှုပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရှိရာ ဆရာ/မများနှင့် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
ချစ်သက်လယ်(ပြန်/ဆက်)