မြဝတီ ဇန်နဝါရီ ၁၆
ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းခွဲ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန် ဆုချီးမြှင့်ပွဲနှင့်ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်းဝင်း၌ ကျင်းပသည်။
ဦးစွာ ဖိတ်ကြားထားသော ဧည့်သည်တော်များက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပေးကာ မြဝတီမြို့နယ် ဖူးသစ်ကိုယ်ပိုင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာလာစိုးက စုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုသည် ပညာရေးကဏ္ဍမှစ၍ အခြေခံကြောင်းနှင့် အရည်အသွေးမြင့်မားသည့် လူရည်ချွန်မောင်မယ်များ မွေးထုတ်ပေးခြင်းသည် ကာယ၊ ဉာဏ၊ စာရိတ္ထ၊ ရသ၊ သက်မွေး ဘက်စုံပညာရေးစနစ်ကို ဖော်ဆောင်ပေးခြင်းဖြစ်ပြီး နိုင်ငံတော်အတွက် အားထားရသည့် လူ့စွမ်းအား အရင်းအမြစ်များစွာ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်မာလာအောင်ကကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တို့၌ ကာယ၊ ဉာဏပိုင်းတွင် ထူးချွန်သော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဆုများချီးမြှင့်ပေးပြီး ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)