ကျွန်းလှမြို့နယ်၌ မိုးစပါး ၃၄၀၉၈ ဧက ရိတ်သိမ်းပြီး တင်းပေါင်း ၂၅ သိန်းကျော်ထွက်ရှိ

ကျွန်းလှ ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ဆန်စပါးဖူလုံပိုလျံစေရန်အတွက် ယခုနှစ် မိုးစပါး ၃၄၀၉၈ စိုက်ပျိုးခဲ့ပြီး ရိတ်သိမ်းရာ စပါးတင်းပေါင်း ၂၅ သိန်းကျော် ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ကျွန်းလှမြို့နယ်မှာ မိုးစပါးကို မိုးကောင်းသောက်နဲ့ ချောင်းပိတ်၊ မြောင်းပိတ်၊ မြေအောက်ရေတင် စိုက်ပျိုးကြပါတယ်။ ဒီနှစ် မိုးစပါးစိုက်ပျိုးဖို့ ၃၄၀၉၇ လျာထားရာမှာ ၃၄၀၉၈ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အခုအခါ မိုးစပါးစိုက်ဧကအားလုံးရိတ်သိမ်းပြီး စပါးတင်းပေါင်း ၂၅၀၅၅၃၃ ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးကောင်း၊ မျိုးသန့်များရရှိရေး ဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေး နည်းပညာပေးခြင်း၊ ယူရီးယား ဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်း၊ စသည့်စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးခဲ့သည်။

ကျွန်းလှမြို့နယ်တွင် မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ရာသီဥတုနှင့်ကိုက်ညီသည့် ဧရာမင်းစပါးမျိုးကို အဓိကစိုက်ပျိုးကြပြီး မနောသုခ၊ ဆင်းသုခ၊ ရွှေသွယ်ရင်၊ ချမ်းမြေ့မေစပါးမျိုးများ စိုက်ပျိုးကြကြောင်း သိရသည်။

မျိုးဝင်းညို(ပြန်/ဆက်)