ပြည် ဇန်နဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ မြန်မာ့သစ်လုပ်ငန်းအင်ဂျင်နီယာဌာန အခြေစိုက်အလုပ်ရုံ (ပြည်) ၌ ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနကဦးဆောင်၍ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့သည်။
ထိုသို့လေ့ကျင့်မှုအတွက် အဆိုပါအလုပ်ရုံတာဝန်ခံ လက်ထောက်အထွေထွေမန်နေဂျာ ဦးမိုးတေဇာအောင်က မြို့နယ်မီးသတ်ဦးစီးဌာနအား ကျေးဇူးတင်စကားပြောကြားပြီး မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာများကို ဂရုပြုလေ့လာမှတ်သားရန် ဝန်ထမ်းများအား မှာကြားခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်လင်းစိုးက မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးဆောင်ရွက်ပုံ နည်းလမ်းများအကြောင်းကို အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက အလုပ်ရုံဝန်ထမ်းများနှင့်အတူ ရေစိုအဝတ်ဖြင့် မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးဖြင့်မီးငြှိမ်းသတ်နည်းနှင့် မီးသတ်ပိုက်ဖြင့် မီးငြှိမ်းသတ်နည်းတို့ကို စနစ်တကျလုပ်ဆောင်နိုင်ရန် လက်တွေ့သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)