ငဖဲ ဇန်နဝါရီ ၁၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်လူရွယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပြီး အားကစားနည်းများဖြင့် သရုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာအေးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲဥက္ကဋ္ဌ ဒေါ်နွယ်နွယ်ထွန်းတို့က အဖွင့်အမှာစကားပြောကြား၍ ငဖဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်နန်းသီတာထွေးက အားကစားဆိုသည်မှာ လူငယ်ထုတစ်ရပ်လုံးနှင့် အဓိကသက်ဆိုင်ပြီး ငယ်ရွယ်စဉ်အချိန်သည် လန်းဆန်းတက်ကြွနေသောအရွယ်ဖြစ်၍ ပညာရည်မြင့်မားရေးနှင့်အတူ လူငယ်တို့လုပ်ဆောင်ရမည်မှာ အားကစားဖြစ်ကြောင်း၊ အားကစားနည်းအမျိုးအစားများ၊ လူငယ်နှင့်အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သိကောင်းစရာများ၊ အားကစားပြုလုပ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်နန်းသီတာထွေးနှင့် ဝန်ထမ်းများက Physical Fitness Dance ဖြင့် သရုပ်ပြသခြင်း၊ အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်နိုင်ရန်အတွက် ကိုယ်လုံပညာဖြင့်သရုပ်ပြသခြင်းနှင့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ငဖဲမြို့နယ်မှ ဝူရှူးအားကစားနည်းဖြင့် ဒုတိယဆုရရှိခဲ့သည် အားကစားသမားနှစ်ဦးက ဝူရှုး(သွေ့လျန့်)အားကစားဖြင့် သရုပ်ပြသဖျော်ဖြေခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)