ကျွန်းစု ဇန်နဝါရီ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း တို့ ပူးပေါင်း၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်း ကြောင်း၊ နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာရေး၊ အမျိုးဂုဏ်ဇာတိဂုဏ်ကို ထိန်းသိမ်းကာကွယ်လိုစိတ်ရှိရေး၊ ပြည်ထောင်စုစိတ်ဓာတ်ရှိကြရန်၊ မမေ့သင့်သော နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်ကြောင်းနှင့် လတ်တလောဖြစ်ပွားနေသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများအကြောင်းကို အကျယ်တဝင့် အသိပညာပေးပြောကြားခဲ့ပြီး ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထိုနောက် ပြိုင်ပွဲတွင် ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကျွန်းစုမြို့နယ်တွင် ၂၀၂၄ခုနှစ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု မှတ်တမ်းများ၊ သုတ၊ ရသ စာအုပ်များ ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြ ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)