မအူပင် ဇန်နဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ Polytechnic University (Maubin)၊ Faculty of Computing ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲအား ယမန်နေ့မွန်းလွဲ(၁)နာရီက အဆိုပါကျောင်းရှိ စုဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မအူပင်ခရိုင်၊ အမှတ်(၈၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူးဒုတိယရဲမှူးမိုးမြင့်ကိုမှ လိုင်စင်မဲ့မော်တော်ယာဉ်များမစီးနင်းရန်၊ မော်တော်ဆိုင်ကယ်စီးနင်းပါက ဆိုင်ကယ်စီးဦးထုပ်များဆောင်းရန်နှင့် အန္တရာယ်သတိပေးလမ်းညွှန်အကြောင်းအရာများအား ရှင်းလင်းဟောပြောပြီး မအူပင်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှူးဦးစီးဌာနမှ စစ်ဆေးရေးမှူး ဦးအောင်ကျော်ဆန်းမှ မအူပင်ခရိုင်အတွင်း ယာဉ်တိုက်ခိုက်မှု နှိုင်းယှဉ်ချက်များ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပဒေများ၊ ယာဉ်မတော်တဆဖြစ်လျှင် လိုက်နာရမည့်အချက်များအား ရှင်းလင်းဟောပြောသည်။ ဆက်လက်၍ မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက ကုန်ညွှန်းအမှတ်အသား အကြောင်းအရာများ၊ စားသုံးသူ၏ အဓိပ္ပာယ်သတ်မှတ်ချက်များနှင့် စားသုံးသူအခွင့်အရေးများအား ရှင်းလင်းဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ Polytechnic University (Maubin)၊ Faculty of Computing မှ ပါမောက္ခချုပ်ဆရာမကြီး၊ ဒုတိယပါမောက္ခချုပ်ဆရာမကြီးနှင့် ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)