သရက်ချောင်း ဇန်နဝါရီ ၁၆
ကျောင်းသား/သူများအနေဖြင့် မီးဘေးအန္တရာယ်များကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့်လွယ်ကူဆုံး တုံ့ပြန်ဖြေရှင်းနိုင်ရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီး ဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့က သရက်ချောင်းမြို့၊ အခြေခံပညာ (အ-ထ-က)သရက်ချောင်းကျောင်း(ပညာရတနာခန်းမ)၌ ကျင်းပခဲ့သည်။
ရှေးဦးစွာသရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေမျိုးဆေးက ကျောင်းသား/ကျောင်းသူများအား မိမိတို့မီးသတ်ဦးစီးဌာန၏ လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များနှင့် ရည်ရွယ်ချက်များအကြောင်းကို ရှင်းလင်းပြောကြားပြီးနောက် မီးဘေးအန္တရာယ်အကြောင်း ဟောပြောရာ မီးလောင်ကျွမ်းမှုဖြစ်စေ၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်သည်ဖြစ်စေ မီးသတ်ဦးစီးဌာနသို့ အကူအညီတောင်းခံလိုသည့် ဖုန်းနံပါတ်များအကြောင်း၊ မီးဘေးအန္တရာယ်ဖြစ်ပွားမှု လျော့ာ့နည်းစေရန်ဆောင်ရန်/ ရှောင်ရန်နည်းလမ်းများအကြောင်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးဖိုအသုံးပြုလျှင် ဆောင်ရန်/ရှောင်ရန်နည်းလမ်းများ၊ လျှပ်စစ်မီးအသုံးပြုလျှင် သတိပြုရမည့်နည်းလမ်းများစသည့်အကြောင်းအရာများဖြင့် ကျောင်းသား/သူများသိရှိနားလည်စေရန် ရှင်းလင်းဟောပြောခဲ့ပြီးနောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ကျောင်းသား/သူများအား မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။
ထို့နောက် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/သူများအား စာဖတ်ရှိန်မြင့်မားလာစေရန် စာပေစာဖတ်ရှုခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်းကိုဟောပြောပြီးနောက် မိမိတို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များတွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့် သုတ၊ ရသ၊ စာအုပ်စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်းလိုပါက စာကြည့်တိုက်အသင်းဝင်၍ အခမဲ့ငှားရမ်းနိုင်ကြောင်း ကျောင်းသား/သူများအားပြောကြားကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)