ငွေဆောင်မြို့၊ အမှတ်(၂၀၁) အခြေခံပညာမူလတန်းကျောင်း၌  ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ငွေဆောင် ဇန်နဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်(၂) ရပ်ကွက်ရှိ အမှတ်(၂၀၁) အခြေခံပညာမူလတန်းကျောင်း၏ (၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်) ကျောင်းပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားအား ယနေ့နံနက်(၉) နာရီက  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ ပုသိမ်မြို့နယ် လက်ထောက်ပညာရေးမှူး၊  ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီဝင်များ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုံစုံလင်လင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ရှေးဦးစွာ အခမ်းအနားစတင်ဖွင့်လှစ်ကြောင်း ကြေညာပြီး ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ပုသိမ်မြို့နယ် လက်ထောက်ပညာရေးမှူးမှ အမှာစကား ပြောကြားခဲ့ပြီး အ.မ.က(ငွေဆောင်) ကျောင်းအုပ်ဆရာကြီး ဦးပိုင်ဖြိုးအောင်မှ  စုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းအကျိုးတော်ဆောင်များကိုယ်စားမြို့လျှပ်စစ်ဦးစီးမှူး ဦးစောထွန်းဦးမှ နိဂုံးချုပ်ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ကာယ၊ ဉာဏ ထူးချွန်ဆုရရှိသော ကျောင်းသား/သူများ၊ သင်ကြားပြသပေးသော ဆရာ၊ ဆရာမများအား မြို့အုပ်ချုပ်ရေးမှူးနှင့်  ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များမှ ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။ ဆုချီးမြှင့်ခြင်း အခမ်းအနားအပြီးတွင် အ.မ.က(ငွေဆောင်) ကျောင်းသား/သူလေးများမှ တေးသရုပ်ဖော် အကအလှပဒေသာများဖြင့် အခမ်းအနားတက်ရောက်လာသူများအား အားပါးတရ ဖျော်ဖြေပေးခဲ့ကြောင်း သတင်းရရှိသည်။

R – 014(ငွေဆောင်)