ဂန့်ဂေါ ဇန်နဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအနေဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် အသက်(၅)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်းကို ယနေ့နံနက် (၈)နာရီအချိန်မှစတင်၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့တွင် စုရပ်(၂)နေရာခွဲ၍ ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခေတ္တဆေးရုံအုပ် ဒေါက်တာကျော်ကျော်လွင် ဦးဆောင်သည့် မြို့နယ်ကျန်းမာရေးမှူး-၁ ဦးထွန်းဇော်လင်းနှင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက မြို့ပေါ် (၄)ရပ်ကွက်နှင့် ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများမှ ကာကွယ်ဆေးများ လာရောက်ထိုးနှံသည့် မွေးစမှအသက် (၅)နှစ်အောက် ကလေးငယ်များကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှောကာကွယ်ဆေး(သောက်ဆေး)၊ ပိုလီယိုအကြောသေကာကွယ်ဆေး(သောက်ဆေး)၊ ပိုလီယိုအကြောသေကာကွယ်ဆေး(ထိုးဆေး)၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး(JE)၊ ဝက်သက်ဂျိုက်သိုးကာကွယ်ဆေး၊ ပြင်းထန်အဆုပ်ရောင်ကာကွယ်ဆေး(PCV)နှင့် ငါးမျိုးစပ်ကာကွယ်ဆေး(ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(B)-အဆုတ်ရောင်ရောဂါ)နှင့် ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးများကို ကလေးများ၏ အသက်အရွယ်အလိုက် သတ်မှတ်အကြိမ်အတိုင်း ထိုးနှံတိုက်ကျွေးပေးခဲ့ကြသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို ဇန်နဝါရီလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ နံနက် (၈)နာရီမှ (၁၂)နာရီထိ၊ နေ့လယ်(၁)နာရီမှ (၃)နာရီထိ (၃)ရက်တိုင်တိုင် ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခေတ္တဆေးရုံအုပ် ဒေါက်တာကျော်ကျော်လွင်တို့က ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း(ပြန်/ဆက်)