ပင်လည်ဘူး ဒီဇင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ရပ်ကွက်/ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများလုပ်ကိုင် ဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် ယာဉ်ယန္တရားအသုံးပြုခ ထောက်ပံ့ရန်ပုံငွေကျပ်သိန်း(၁၃၀)တို့အား သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများမှ လုပ်ငန်းကော်မတီများထံသို့ ခွဲဝေလွှဲပြောင်းပေးအပ်ခြင်းကို ဒီဇင်ဘာ ၂ ရက်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ရန်ပုံငွေ သိန်း(၁၃၀)အား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းနောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးသက်နောင်တို့က သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများရှိ လုပ်ငန်းကော်မတီများထံသို့ ခွဲဝေချ ထားမှုများအလိုက် ပေးအပ်ခဲ့ကြပြီး အဆိုပါ ထောက်ပံ့ငွေများဖြင့် ကွမ်းတောင်းကျေးရွာတွင်း Box Culvert (၁)စင်းတည်ဆောက်ခြင်း၊ တိုက်မွန်း ကျေးရွာနှင့် တောင်ကုန်းလမ်းဆုံကြား လယ်ကြားမြောင်းBox Culvert (၁)စင်းတည်ဆောက်ခြင်း၊ သင်နှီးတောကျေးရွာတွင်း ဂျင်းမြေ ခင်းခြင်း၊ မိချောင်းအင်းကျေးရွာအရှေ့ ရေပေါက်တံတား ပြုပြင်ခြင်း၊ ကင်းပန်း ကျေးရွာနှင့် မိချောင်းအင်းကျေးရွာကြား ကျောက်ကြမ်းလမ်း ဂျင်းမြေခင်းခြင်း၊ မြို့မရပ်ကွက် ဗန္ဓုလလမ်း ကွန်ကရစ်ခင်းခြင်း၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးသင်တန်းကျောင်းအတွင်းBox Culvert (၂)စင်း တည်ဆောက်ခြင်း၊ ကြိုးကြာဝင်းကျေးရွာအနီး ဝါးဘိုးချောင်းမှ ချင်းကုန်းကျေးရွာ အထိလမ်းပြုပြင်ခြင်း၊ ဟတ်ထိန်ကျေးရွာအနီးရှိ ချောင်းအား ကျောက်ကြီး စီသစ်သားတံတား(၁)စင်းတည်ဆောက်ခြင်း၊ ကုန်းကြီး ကျေးရွာနှင့် မိချောင်းအင်း ကျေးရွာကြား ကျောက်ချောလမ်း ချိုင့်ခွက်ဖြစ်ပေါ်နေသည့်နေရာများအား ဂျင်းမြေခင်းခြင်း၊ သရက်ကုန်းကျေးရွာ အုတ်ရေမြောင်းတည်ဆောက်ခြင်း စုစုပေါင်းလုပ်ငန်းပေါင်း(၁၁)ခုတို့ကို ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးလွင်(ပင်လည်ဘူး)