ချောက်မြို့၌ လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ချောက် ဇန်နဝါရီ ၁၆

မကွေးတိုင်းဒေသကြီး‌၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ယမန်‌နေ့ နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့‌ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် လေပြင်းဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများသည် ကြိုတင်ပြင်ဆင်ရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းဖြစ်ပြီး ဘေးအန္တရာယ်ဖြစ်ပွားပါက ပျက်စီးဆုံးရှုံးမှု လျော့နည်းသက်သာစေမည်ဖြစ်ကြောင်း၊ အကူအညီလိုအပ်လျက်ရှိသော ပြည်သူများအတွက် ဆောင်ရွက်ပေးသည့် လုပ်ငန်းဖြစ်၍ စည်းစနစ်ကျကျ စီမံဆောင်ရွက်ရန်လိုအပ်ကြောင်း သက်ဆိုင်ရာဌာနများမှ စည်းမျည်းစည်းကမ်းမူဝါဒများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်းတို့ကိုပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းက ချောက်မြို့နယ်၌ အမှန်တကယ်လိုအပ်လျက်ရှိသော နေအိမ်များအတွက် အမိုး၊ အကာ၊ အတန်းများကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီးအဆိုပါ‌နေ အိမ်များရွေးချယ်ရာတွင် မိမိဌာန၏ လုပ်ထုံး၊ လုပ်နည်းများအတိုင်း ရွေးချယ်သတ်မှတ်ခဲ့ရာ လူနေအိမ်(၂၅၂)လုံးအား ရွေးချယ်နိုင်ခဲ့ကြောင်း၊လည်းကောင်းနေအိမ်များအတွက် စံချိန်စံညွှန်းများအတိုင်း ပြုပြင်မွမ်းမံပေးသွားမည်ဖြစ်ပြီး မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့‌ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှလည်း ပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွင် ချောက်မြို့ အမှတ်(၁၀)ရပ်ကွက်မှ လူနေအိမ်(၆၇)လုံး၊ အမှတ်(၁၅)ရပ်ကွက်မှ လူနေအိမ်(၁၀၄)လုံး၊ ရေတွင်းချိုင့်ကျေးရွာမှ လူနေအိမ်(၃၃)လုံး၊ ဇီးချိုပင်ကျေးရွာမှ လူနေအိမ်(၄၈)လုံးစု စုပေါင်းလူနေအိမ်(၂၅၂)လုံးအား ပြုပြင်မွမ်းမံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)