ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်

ရှမ်းရွာသစ် ဇန်နဝါရီ ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/ သူလူငယ်လေးများ ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ ယမန်နေ့က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက ကျောင်းသား/ သူလူငယ်လေးများ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ရှိစေရန်၊ စာဖတ်ခြင်းဖြင့် စာပေ၏အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်၊ စာကြည့်တိုက်သည် အသိပညာဗဟုသုတ ပေးစွမ်းသည့်နေရာတစ်ခုဖြစ်‌ကြောင်း သိရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ မူလတန်းအဆင့် ကျောင်းသား/ သူ (၂၀) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများကိုလည်း အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ သူများအား ဗဟုသုတရရှိစေရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး (ပြန်/ဆက်)