သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး) ရှိ သင်တန်းသားများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး မိတ်ဆက်ဟောပြော

မကွေး ဇန်နဝါရီ ၁၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မကွေး)ရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အောင်လက်မှတ်ရ သင်တန်းသားများအား အလုပ်အကိုင်အခွင့်အလမ်းရရှိရေး မိတ်ဆက်ဟောပြောပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါ သင်တန်းကျောင်းရှိ သီရိရတနာခန်းမတွင်  ကျင်းပသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မိုးသီတာစိုးက အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ကျောင်းအုပ်ကြီး ဒေါ်စန္ဒာထွန်းက သင်ကြားမှုနှင့် တတ်မြောက်မှု အခြေအနေကိုလည်းကောင်း၊ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသား(၁)ဦးမှ သင်ကြားတတ်မြောက်မှု အခြေအနေအပေါ် ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် သမဝါယမအသင်းများက အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးသွားမည့် ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)