ရွှေတောင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါးရာသီတွင် နွေးစပါးစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

ရွှေတောင် ဇန်နဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါးရာသီတွင် နွေစပါးစိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ကြာနီကန်ရပ်ကွက်၊ ဆန်တဆုပ်ဘုရားဓမ္မာရုံတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စိုက်ပျိုးရေးနှင့်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ နတ်မှော်မြစ်ရေတင်ဖြင့် နွေစပါးစိုက်ပျိုးမည့်တောင်သူများအား နွေစပါးစိုက်ပျိုးရာသီကာလအတွင်း အချိန်မီစိုက်ပျိုးနိုင်ရေး၊ သက်တမ်းတိုအထွက်ကောင်းမျိုးများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ညှိနှိုင်းရွေးချယ်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေလေလွင့်မှုမရှိစေရေးအတွက် လယ်ကြားမြောင်းများ စနစ်တကျတူးဖော်ပြုပြင် ထိန်းသိမ်းဆောင်ရွက်ရေး၊ ကြဲခင်းများ လုံးဝ (လုံးဝ) စိုက်ပျိုးခြင်းမပြုရန်နှင့် ပျိုးထောင်စနစ်၊ ကောက်စိုက်စက်၊ တိုက်ရိုက်အစေ့ချစနစ်ဖြင့်သာ စနစ်တကျစိုက်ပျိုးစေရေးတို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် တောင်သူများ၏ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု အခြေအနေတို့အား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် နွေစပါးစိုက်တောင်သူများမှ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်းရာ သက်ဆိုင်ကဏ္ဍအလိုက် ဆွေးနွေးဖြေကြားပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စိုက်ပျိုးရေးနှင့်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ပါဌာနဆိုင်ရာများ၊ ကြာနီကန်ရပ်ကွက်၊ ကြို့ကုန်းကျေးရွာအုပ်စု၊ မင်းကွန်းကျေးရွာအုပ်စုတို့ရှိ တောင်သူ (၁၂၈) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)