မင်းဘူး ဇန်နဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး ဒေသတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်သွားနိုင်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့က မင်းဘူးမြို့၊ ခိုင်အောင် ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ပညာအလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်းတို့တွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မင်းဘူးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဇေယျ ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ မင်းဘူးမြို့ ခိုင်အောင် ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ပညာအလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများကို တွေ့ဆုံကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်သော "ပတ်ဝန်းကျင်နှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ မီးခိုးမြူငွေ့အကြောင်း သိကောင်းစရာ၊ ပလတ်စတစ်ညစ်ညမ်းမှုအကြောင်း သိကောင်းစရာ" စသည့် ခေါင်းစဉ်များဖြင့် အသိပညာပေးဆွေးနွေးဟောပြော၍ မမြင်နိုင်သော လူသတ်သမား PM 2.5 ဗီဒီယို Clip အား ပြသဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန် ပညာပေးလက်ကမ်းစာစောင်များကို လိုက်လံဝေငှ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)