မင်းဘူးမြို့ ပဲစဉ်းငုံဈေးကွက် တစ်တင်းကို ငွေ ၉၅၀၀၀ ကျပ်နှုန်းဖြင့် အရောင်းအဝယ်သွက်

မင်းဘူး ဇန်နဝါရီ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ ပဲစဉ်းငုံဈေးကွက်တွင် ပေါ်ဦးပေါ်ဖျား ပဲစဉ်းငုံသီးနှံတစ်တင်းကို ငွေ ၉၅၀၀၀ ကျပ်နှုန်းဖြင့် အရောင်းအဝယ်သွက်နေကြောင်း မင်းဘူးမြို့ ပွဲရုံလုပ်ငန်းရှင်များထံမှ သိရသည်။

“ဒေသခံတောင်သူအများစုက ပဲစဉ်းငုံသီးနှံကို မိုးဦးရာသီမှ စတင်ပြီး မိုးသီးနှံ နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲတီစိမ်း စသည့် သီးနှံတို့ဖြင့် သီးညှပ်စိုက်ပျိုးလေ့ရှိကြောင်း၊ ပဲစဉ်းငုံသီနှံကို တောင်သူစိတ်ကြိုက်မျိုးများရွေးချယ်၍ မိုးသီးနှံများ စတင်စိုက်ပျိုးချိန် ကဆုန်လနှင့် နယုန်လများတွင် (ငါးသွားပါ) ကြောင်းဆွဲထွန်တုန်းဖြင့် ပဲစဉ်းငုံမျိုးစေ့အား အပင်လေးတန်းခြား၍ သီးညှပ်စိုက်ပျိုးနည်းစနစ်ဖြင့် ကြောင်းဆွဲစိုက်ပျိုးလေ့ရှိကြောင်း၊ ပဲစဉ်းငုံသီးနှံသည် (စိုက်ပျိုးရေးသွင်းအားစု) မျိုးစေ့ကုန်ကျမှုသက်သာသည့် သီးနှံတစ်မျိုးဖြစ်သော်လည်း မိုးဦးရာသီ စတင်စိုက်ပျိုးချိန်မှစ၍ ယခု ပြာသိုလ်လ ခုတ်သိမ်းချိန်အထိ အချိန်အားဖြင့် (၈)လမှ (၉)လခန့်အထိ ကြာမြင့်ကြောင်း၊ ပဲစဉ်းငုံနှင့် ယှဉ်တွဲစိုက်ပျိုးသည့် သီးနှံများ နှုတ်သိမ်း(ရိတ်သိမ်း)ပြီးချိန်နောက်ပိုင်း အပင်ဖြစ်ထွန်းမှု ပိုမိုအားကောင်းလာကာ အပွင့်လိုက်ချိန်တွင် မိုးရွာသွန်းမှုများပါက မိုးဒဏ်ကြောင့် ပဲစဉ်းငုံအဖူး၊ အပွင့်များကြွေကြ၍ အသီးအားနည်းပြီး အထွက်နှုန်းကျဆင်းတတ်ကြောင်း” မင်းဘူး(စကု)မြို့နယ်၊ ကျောက်ပယ်ကျေးရွာမှ ပဲစဉ်းငုံစိုက်တောင်သူတစ်ဦးထံက သိရသည်။

ဧရာဝတီမြစ် အနောက်ဘက်ခြမ်းရှိ သီးနှံစိုက်တောင်သူအများစုသည် ပဲစဥ်းငုံ ခုတ်သိမ်း၊ ခြွေလှေ့ပြီးချိန်တွင် မကွေးမြို့နှင့် မင်းဘူးမြို့ရှိ ပွဲရုံဈေးကွက်များသို့ သွားရောက်တင်ပို့ ရောင်းချကြောင်း၊ ပဲစဉ်းငုံသီးနှံသည် အပင်ဖြစ်ထွန်းမှုနှင့် အသီးအားကောင်းမှုအပေါ်မူတည်၍ ဒေသခံတောင်သူ တစ်ဦးနှင့်တစ်ဦး အထွက်နှုန်းကွာခြားမှုရှိနိုင်ကာ ယခုနှစ် ပဲစဉ်းငုံစိုက်တောင်သူ အများစုသည် အထွက်နှုန်းကောင်းမွန်ကြောင်း၊ ယခုလက်ရှိ မင်းဘူးမြို့ ပဲစဉ်းငုံဈေးကွက်တွင် ပေါ်ဦးပေါ်ဖျား ပဲစဉ်းငုံတစ်တင်းကို ငွေ ၉၅၀၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူရောင်းချနေကြပြီး အရောင်းအဝယ်သွက်နေကြောင်း၊ ယခင်နှစ်က ပဲစဉ်းငုံတစ်တင်းကို အမြင့်ဆုံးငွေကျပ် ၁၃၀၀၀၀ အထိ ပေါက်ဈေးရှိခဲ့ကြောင်း မင်းဘူးမြို့ရှိ ပန်းတောင်းပွဲရုံမှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီတွင် မိုးပဲစဉ်းငုံသီးနှံကို ၄၃၁၉ ဧက စိုက်ပျိုးရန်လျာထားဆောင်ရွက်ခဲ့ပြီး ယခုအခါ ဧကပေါင်း ၆၀၂၅ ဧကအထိ စိုက်ပျိုးနိုင်ခဲ့သည့်အတွက် ဧကပေါင်း ၁၇၀၀ ကျော် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)