မကွေးတိုင်းဒေသကြီးအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု စိစစ်‌ရွေးချယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေး ဇန်နဝါရီ ၁၆

မကွေးတိုင်းဒေသကြီးအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု စိစစ်‌ရွေးချယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်မိုးက (၂၀၂၄-၂၀၂၅) ဘ‌ဏ္ဍာနှစ်တိုင်းဒေသကြီးအတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု ချီးမြှင့်နိုင်ရေးအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း(၁၅)ကျောင်းကို အပြီးသတ်ဆု စိစစ်ရွေးချယ်နိုင်ရေးအတွက် တိုင်းဒေသကြီးအဆင့် ဆုရွေးချယ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးပြီးစီးမှုအခြေအနေများနှင့် ကွင်းဆင်းစစ်ဆေးမှုရလဒ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်း ဆုစိစစ်‌ရွေးချယ်ရေးအဖွဲ့ဝင်များက ဆုရကျောင်းများ ရွေးချယ်နိုင်ရေးအတွက် အကြံပြုဆွေးနွေးခြင်းများပြုလုပ်တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် အတည်ပြုဆုရကျောင်းများ၏ အမည်စာရင်းအားကြေညာခဲ့ပြီး သယံဇာတရေးရာဝန်ကြီးက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)