မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မီတာ(၄၀၀)ပြေးလမ်းပါ ဘောလုံးကွင်း Synthetic ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

မကွေး ဇန်နဝါရီ ၁၆

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ဇန်နဝါရီလ ၁၄ ရက် ညနေပိုင်းက မကွေးတိုင်းဒေသကြီးအားကစားကွင်း၌ မီတာ(၄၀၀)ပြေးလမ်းပါ ဘောလုံးကွင်း Synthetic ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ယာယီရှင်းလင်းဆောင်တွင် တာဝန်ယူဆောက်ရွက်လျက်ရှိသည့် Shinning Myanmar ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဦးအောင်သန်းကြွယ်က လုပ်ငန်းဆောင်ရွက်ထားရှိမှုအဆင့်ဆင့်ကို ရှင်းလင်းတင်ပြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိင်းဆောင်ရွက်ပေးခဲ့ပြီး အားကစားပစ္စည်းများအား လှည်လည်ကြည့်ရှုခဲ့သည်။

အဆိုပါ မီတာ(၄၀၀)ပြေးလမ်းပါ ဘောလုံးကွင်း Synthetic ခင်းခြင်းလုပ်ငန်းအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ (၂၇၀၀ ဒသမ ၆၅၁)သန်းဖြင့် Shinning Myanmar ကုမ္ပဏီမှ  တာဝန်ယူဆောက်လုပ်လျက်ရှိပြီး၊  မီတာ(၄၀၀)ပြေးလမ်းပါ ဘောလုံးကွင်း Synthetic ခင်းခြင်းလုပ်ငန်း၏ ၉၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်းနှင့် မကွေးတိုင်းဒေသကြီး အားကစားသမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ပြေးခုန်ပစ်အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် Synthetic ပြေးလမ်းရှိသည့် နေပြည်တော်သို့ ကြိုတင်သွားရောက်ကာ လေ့ကျင့်ဆောင်ရွက်ခဲ့ကြရပြီး၊ ယခုအခါ တိုင်းဒေသကြီး အားကစားကွင်းတွင် မီတာ(၄၀၀) ပြေးလမ်းပါ ဘောလုံးကွင်း Synthetic ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်၍  မကွေးတိုင်းဒေသကြီး၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ကောင်းများ ရရှိနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

မောင်ညီညာ