ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံရာသီက စိုက်ပျိုးခဲ့သည့် စပါးသီးနှံ ၆၉၉၉၉ ဧက ရာနှုန်းပြည့်  ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်

ပွင့်ဖြူ  ဇန်နဝါရီ  ၁၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဆန်စပါးစားနပ်ရိက္ခာဖူလုံစေရန်အတွက် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် စပါး ၆၉၉၉၉ ဧကအား ယခုနှစ် ဇန်နဝါရီလ ပထမတ်တွင် ရာနှုန်းပြည့်  ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီက စပါး ၆၉၉၄၄ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ ၆၉၉၉၉ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ၊ အဆိုပါ စိုက်ပျိုးခဲ့သည့် စပါးခင်းများကို ဒေသခံတောင်သူများက ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ စတင် ရိတ်သိမ်းခဲ့ရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ပထမပတ်တွင် ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးခဲ့ကာ တစ်ဧကလျှင် စပါး ၈၈ ဒသမ ၂၃ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

 “မိုးသီးနှံရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ဆန်စပါး စားနပ်ရိက္ခာ ဖူလုံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေ တိုးပွားစေဖို့အတွက် စပါး ၆၉၉၉၉ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ စိုက်ပျိုးထားတဲ့စပါးခင်းတွေကို တောင်သူတွေက ၂၀၂၄ ခုနှစ် နိုဝင်ဘာလ မှစပြီး ရိတ်သိမ်းဆောင်ရွက်ခဲ့ရာ ယနေ့တွင် စပါးစိုက်ခင်းများအားလုံးကို ရိတ်သိမ်းပြီးစီးသွားပြီ ဖြစ်ပါတယ်။ အထွက်နှုန်းက တစ်ဧကကို စပါး ၈၈ ဒသမ ၂၃ တင်း ထွက်ရှိပါတယ်။ စပါးရိတ်သိမ်းရာမှာ အချိန်မီ ရိတ်သိမ်းခြွေလှေ့ နိုင်အောင်၊ ရိတ်သိမ်းပြီးတဲ့ စပါးတွေကိုလည်း အရည်အသွေးကောင်းမွန်အောင် အမိုးအကာအောက်မှာ စနစ်တကျ သိုလှောင်ထိန်းသိမ်းနိုင်အောင် တောင်သူတွေကို ကွင်းဆင်းအသိပညာပေးတာတွေ ဆောင်ရွက်ပေးခဲ့ပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က‌ ပြောပြသည်။ 

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ်မိုးရာသီနှင့် နွေရာသီ သီးနှံစိုက်ပျိုးကာလတွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ဈေးကွက်ရှိပြီး အထွက်နှုန်းကောင်းမွန်သော စပါးမျိုးကောင်းမျိုးသန့်များကိုရွေးချယ်၍ စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ယခုနှစ်တွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက အရည်အသွေးကောင်းသော စပါးများစိုက်ပျိုးထွက်ရှိစေရန် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးခြင်း၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်အောင် ကူညီပေးခြင်း၊ ပိုးမွှားကျရောက်မှု ကင်းထောက်ခြင်း၊ တမန်းနှိုးပေါင်းထိုးခြင်းစသည့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ရိတ်သိမ်းပြီးစပါးများ အရည်အသွေးကောင်းစေရန်နှင့် ဆုံးရှုံးမှုများ မရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများကိုလည်း ပံ့ပိုးကူညီ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )