ပုသိမ် ဇန်နဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာအုပ်စု မရမ်းချောင်းကျေးရွာတွင် ကျင်းပပြုလုပ်သော ဆီထွက်သီးနှံ(နေကြာ)စံပြကွက်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ခရိုင်၊ မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဝင်များနှင့်တောင်သူများက တောင်သူဦးမင်းဟိန်းနှင့်တောင်သူဒေါ်နန်းဝိုင်းတို့၏ စိုက်ပျိုးမြေ (၂၀)ဧကတွင် Super Sun 41 နေကြာမျိုးစေ့များ စိုက်ပျိုးခဲ့ကြပြီး မြေဆွေးထည့်ခြင်း၊ ရေလောင်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ “တိုင်းဒေသကြီး အတွင်း စားသုံးဆီဖူလုံစေရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ် သီးနှံများကို စိုက်ပျိုးလျက်ရှိပြီး အောင်မြင်ဖြစ်ထွန်းစေရေးနှင့် အထွက်နှုန်းတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ရေကြီးနစ်မြုပ်မှုဒဏ်ခံခဲ့ရသည့် စိုက်ဧကများအပေါ်ထိခိုက်မှုများ နည်းပါးစေရေး တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ တောင်သူများကပူးပေါင်း၍ နည်းလမ်းမျိုးစုံဖြင့် ကုစားဆောင်ရွက်ခဲ့ပါကြောင်း၊ ဆီထွက်သီးနှံ အောင်မြင်ဖြစ်ထွန်းစေရေး အတွက် စိုက်ပျိုးချိန် နောက်ကျသော်လည်း လိုအပ်သည့်နည်းပညာများ၊ မြေဩဇာကျွေးခြင်း၊ ရေပေးခြင်းလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ တောင်သူများက ပိုမိုဝိရိယထား ဆောင်ရွက်ကြရန်၊ ပုသိမ်မြို့နယ်၏စံပြကွက်ဖြစ်၍ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အပင်ကြီးထွားနှုန်းနှင့် အထွက်နှုန်းတိုးပွားရေး ဂရုတစိုက်ဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရေး သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်ပေးရန်နှင့် ဆီထွက်သီးနှံအောင်မြင် ဖြစ်ထွန်းစေရေး တောင်သူများကလည်း ပူးပေါင်းဆောင်ရွက်ပေးရန်” ဆွေးနွေးပြောကြားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်စက်မှုဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ Government to Government ရောင်းချထားသည့် ဧည့်မထ(၅)မှတ်ဆန် (၁၅၀၀၀) မက်ထရစ်တန်ကို MV.MCL ရေယာဉ်များဖြင့်ရေယာဉ်တစ်စီးလျှင် တန်ချိန်(၂၅၀၀)နှုန်းဖြင့် စုစုပေါင်း (၆)ကြိမ်ခွဲ၍ တင်ပို့နိုင်ရေးဆောင်ရွက်လျက်ရှိရာ တတိယအကြိမ်တင်ပို့နိုင်ရေး ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နေ့လယ်ပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်စက်မှုဆိပ်ကမ်းသို့ သွားရောက်၍ MV.MCL ရေယာဉ်ပေါ်သို့ ဆန်တင်ပို့နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စနစ်တကျတင်ဆောင်ရန်နှင့် သတ်မှတ်ကာလအတွင်း တင်ဆောင်နိုင်ရေးနှင့် အချိန်မီတင်ပို့နိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် ပုသိမ်စက်မှုစီမံကိန်းအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီရေး ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်စက်မှုဇုန်သို့ သွားရောက်၍ အမှိုက်မီးရှို့သန့်စင်စက် တပ်ဆင်တည်ဆောက်နေမှုနှင့် ပလတ်စတစ်ခုတ်စက် တည်ဆောက်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ စက်တည်ဆောက် တပ်ဆင်မှုအခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် အရည်အသွေးကောင်းမွန်စေရေးနှင့် ထုတ်လုပ်မှုစရိတ်သက်သာပြီး အကျိုးရှိစွာအသုံးပြုနိုင်စေရေး မှာကြားခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)