ပွင့်ဖြူမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်

ပွင့်ဖြူ ဇန်နဝါရီ ၁၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စက်သုံးဆီဆိုင်များအား မီးဘေးလုံခြုံစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က ပွင့်ဖြူ-မင်းဘူး-မကွေး သွားကားလမ်းဘေးရှိ စက်သုံးဆီ အရောင်းဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်ဖြူ-မင်းဘူး-မကွေး သွား ကားလမ်းဘေး၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော မင်းထက်ကြွယ် စက်သုံးဆီအရောင်းဆိုင်နှင့်ကိုကျော် စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်ပြီး လုပ်ငန်းရှင်များနှင့် အရောင်းဝန်ထမ်းများကို တွေ့ဆုံကာ ပွင့်လင်းရာသီချိန် ရောက်ရှိလာပြီဖြစ်၍ စက်သုံးဆီများ ရောင်းချခြင်းနှင့် စက်သုံးဆီတင် ယာဉ်များမှ တစ်ဆင့် ဆီသိုလှောင်ကန်များအတွင်း ဆီသိုလှောင်သိမ်းဆည်းခြင်းများ ပြုလုပ်ရာ၌ မီးဘေးအန္တရာယ် မဖြစ်အောင် အထူးသတိပြု၍ ကိုင်တွယ်ထိန်းသိမ်းဆောင်ရွက်ကြရန်၊ မီးဘေးကြိုတင်ကာကွယ်ရေး သုံးပစ္စည်းများကို စနစ်တကျ စီစဉ်ထားရှိရန်၊ ရေလှောင်ကန်များတွင် ရေအပြည့် ဖြည့်တင်းထားရှိရန်နှင့် သတ်မှတ်လိုင်စင် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လုပ်ကိုင်ကြရန် စသည့် မီးဘေးလုံခြုံရေးဆိုင်ရာ လိုက်နာရမည့်အချက်များကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်သတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စက်သုံးဆီဆိုင်များတွင် မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိသော မီးငြှိမ်းသတ်ရေးပစ္စည်းများ ပြည့်စုံကောင်းမွန်ခြင်း ရှိ/မရှိ၊ မီးလောင်လွယ်စေသော လောင်စာများ ရှိ/မရှိ၊ ဆိုင်ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ စက်သုံးဆီဆိုင်တွင် တပ်ဆင်ထားရှိသော လျှပ်စစ်မီးလိုင်းများ ကြံ့ခိုင်ကောင်းမွန်ခြင်း ရှိ/မရှိ တို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး စက်သုံးဆီအရောင်း ဝန်ထမ်းများအား မီးလောင်မှု ဖြစ်ပွားလာပါက မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြု၍ မီးငြှိမ်းသတ်နည်းစနစ်များကို အသိပညာပေး ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )