ပေါင်းတည် ဇန်နဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းခရိုင်ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါလျက် ယမန်နေ့ညနေပိုင်းက ပေါင်းတည်မြို့နယ် ဘဲမွေးမြူရေးခြံနှင့် စံပြမတ်ပဲစိုက်ကွက်အား ကြည့်ရှုအားပေးခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါင်းတည်မြို့နယ်၊ ကြူတောကန်ကျေးရွာအုပ်စု၊ နတ်ပုတီးကျေးရွာတွင် ဘဲကောင်ရေငါးထောင်မွေးမြူထားရှိသည့် ဘဲမွေးမြူရေးခြံကိုကြည့်ရှုခဲ့ကြရာ ဘဲမွေးမြူရေးခြံပိုင်ရှင်ဦးကျော်နိုင်က မြို့နယ်တွင်းမွေးမြူရေးထုတ်ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းဆောင်ရွက်နေမှု၊ ယခုမွေးမြူထားရှိမှုအခြေအနေနှင့် ဆက်လက်တိုးချဲ့မွေးမြူရေးအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်ပုတီးကျေးရွာ ဆောင်းမတ်ပဲ ဧက ၁၅၀ စံပြစိုက်ကွက်အား ကြည့်ရှုခဲ့ကြပြီး တောင်သူဦးအောင်မင်းနှင့်အဖွဲ့အား မတ်ပဲစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများကို မေးမြန်းစုံစမ်း၍ အားပေးစကားပြောကြားကာ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေးအတွက် ပူးပေါင်းကြိုးပမ်းကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)