ဂန့်ဂေါမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ဂန့်ဂေါ ဇန်နဝါရီ ၁၅

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ကျောတိုက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ) “ပုံညာခန်းမ” တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် အခြေခံပညာ အထက်တန်းကျောင်း (ဂန့်ဂေါ)မှ ကျောင်းသား၊ ကျောင်းသူလေးများ “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားကိုစတင်ဖွင့်လှစ်ခဲ့ပြီး ဂန့်ဂေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်းက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပညာရေးမှူး(ငြိမ်း) ဦးအောင်ဝင်းက ပညာရေးစုံညီပွဲတော် ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြပါသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် ပညာရေးစုံညီအခမ်းအနားတွင် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲဆုရ ကျောင်းသား/ကျောင်းသူများ၊ အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲဆုရ ကျောင်းသား/ ကျောင်းသူများ၊ မူးယစ်ဆေးဝါးတိုက်ဖက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲဆုရ ကျောင်းသား/ ကျောင်းသူများ၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲဆုရ ကျောင်းသား/ကျောင်းသူများ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲဆုရသည့် ကျောင်းသား/ကျောင်းသူများ၊ အလယ်တန်းအဆင့် အမျိုးသားဖူဆယ်ပြိုင်ပွဲနှင့် အမျိုးသမီး ထုတ်ဆီးတိုးပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများနှင့် မူလတန်းအဆင့် အမျိုးသားဖူဆယ်ပြိုင်ပွဲနှင့် အမျိုးသမီး ထုပ်ဆီးတိုး ပြိုင်ပွဲများတွင်ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဆုတံဆိပ်ပေါင်း(၇၁)ဆုနှင့် ငွေသားဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ အ.လ.က(မြောက်ကုန်း)ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက “ထာဝရသစ္စာ” သီချင်းဖြင့်လည်းကောင်း၊ အ.မ.က(မြို့မတောင်ပိုင်း)မှ ကျောင်းသား/ကျောင်းသူလေးများက “စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်”သီချင်းဖြင့်လည်းကောင်း၊ အ.ထ.က(မြို့မ)ကျောင်းမှ“ အခြေခံကဗျာလွတ် အက” ဖြင့်လည်းကောင်း၊ အ.လ.က(ခွဲ)(ကျောတိုက်)မှ ကျောင်းသား/ကျောင်းသူလေးများက “ပြည်ထောင်စုအင်အား” သီချင်းဖြင့်လည်းကောင်း၊ အ.ထ.က(ဂန့်ဂေါ)မှ ကျောင်းသား/ကျောင်းသူလေးများက “ပြည်ထောင်စု၏ ထာဝရအလှများ” သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကာ အ.မ.က(တပ်တွင်း)ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက “ ပြည်ထောင်စုအင်အား” သီချင်းဖြင့် တေးသရုပ်ဖော် ကပြဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ 

အဆိုပါ အခမ်းအနားသို့ ဂန့်ဂေါမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝေဖြိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဦးစီးမှူး ဦးမင်းစိန်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တာဝန်ခံမြို့နယ်ပညာရေးမှူးရုံးမှ ဆရာမကြီး ဒေါ်နွယ်နီဝင်းနှင့် ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြ၍ ပညာရေးစုံညီပွဲတော် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မောင်မျိုးမင်း(ပြန်/ဆက်)