နည်းပညာတက္ကသိုလ်(ဘားအံ) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆို

ဘားအံ ဇန်နဝါရီ ၁၅

ကရင်ပြည်နယ်၊ နည်းပညာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက် ၉ နာရီခွဲက ဘားအံမြို့၊ အဆိုပါတက္ကသိုလ်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံကိုပြုပြင်ပြောင်းလဲတည်ဆောက်နေသော ကာလတွင် ပညာပြည့်ဝပြီး အမြင်ကျယ်ကာ သဘောထားကြီးသည့် လူ့အသိုင်းအဝိုင်းဖြစ်ပေါ်လာရန် ပညာရေးကဏ္ဍသည် အရေးပါပြီး ပညာဆည်းပူးနေကြသော လူငယ်လူရွယ်များ အရည်အသွေးမြင့်မား၍ အမြော်အမြင်ရှိပြီး ဆင်ခြင်တုံတရား ပြည့်ဝသည့် လူသားကောင်းများ ဖြစ်လာစေရန်၊ ပညာဟူသည့်မိတ်ဆွေကောင်းနှင့်ပေါင်းဖက်မိအောင် ကြိုးစားကြရန်၊ နိုင်ငံနှင့်လူမျိုးအတွက် ဂုဏ်တင့်တည်ပြီး ဉာဏ်ရည်၊ နှလုံးရည်တွေးခေါ်မြော်မြင်ဆင်ခြင်နိုင်မှု စွမ်းအားမြင့်မားသည့် ထူးချွန်ထက်မြတ်သော ပညာမျိုးဆက်များ ဖြစ်ကြပါစေကြောင်း၊ နိုင်ငံတော်ကိုကောင်းကျိုး ပြုမည့်အရည်အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်အောင်ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်ဇော်လတ်က သင်ကြားသင်ယူနေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး နည်းပညာတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြ ဖျော်ဖြေကြကာ တက္ကသိုလ် King & Queen ကို ရွေးချယ်ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ် အောင်မြင်ခဲ့ကြသော ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ သီဆိုကပြဖျော်ဖြေခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ကရင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက အထောက်အကူပြုပစ္စည်းများကို နည်းပညာတက္ကသိုလ် ကြက်ခြေနီအသင်းခွဲထံသို့လည်းကောင်း၊ တက္ကသိုလ် King & Queen ရရှိကြသူများကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှ ပထမနှစ်ကျောင်းသား/ သူများ ကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ဆရာမများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)