ဇီးကုန်း ဇန်နဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက မယင်းကျေးရွာအုပ်စု၊ မယင်း(အနောက်)ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အ.လ.က မယင်း (အနောက်) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးစိုးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးက ကျောင်းသားလူငယ်များ ကျောင်းစာအပြင် အခြားဗဟုသုတ အသိပညာ၊ အတတ်ပညာများအား လေ့လာဖတ်ရှုလေ့လာကြရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူတော်၊ လူကောင်းများ ပေါ်ထွန်းလာစေရန် ဗဟုသုတရရှိစေမည့် စာအုပ်စာပေများကို လေ့လာဖတ်ရှုမှတ်သားကြရန်၊ အင်တာနက်အသုံးပြုမှု လျော့ကျစေရန်၊ ကျန်းမာကြံခိုင်စေရန် ကာယလေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ကြရန်နှင့် မျိုးချစ်စိတ်ရှင်သန်ထက်စေရန် အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ဒေါ်ဇင်မာထွန်းက ရုပ်ပြပုံပြင်များပြောခြင်း၊ နယ်လှည့်စာကြည့်တိုက်မှ စာအုပ်စာစောင်များ ဖတ်ရှုစေခြင်းများ ပြုလုပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်နှင့် အသိပညာဗဟုသုတကြွယ်ဖို့ စာအုပ်စာပေဖတ်ကြစို့ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)