လပွတ္တာမြို့နယ်၌ သတ္တမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ကျမ်းမြတ်ပူဇော်ပွဲနှင့် စာအောင်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

လပွတ္တာ ဇန်နဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၇)ရပ်ကွက် အလင်းရောင်လမ်း သိကြားဘုရားကုန်း ကလျာဏကာရီသီလရှင်စာသင်တိုက်၌ သတ္တမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ပူဇော်ပွဲနှင့် စာအောင်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုအခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဖတ်ပူဇော်၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး ကိုးနဝင်းပရိယတ္တိစာသင်တိုက် ပဒါနနာယက ဆရာတော်ဘုရားထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်ကြီးများမှ မေတ္တာသုတ်ပရိတ် တရားတော်များချီးမြှင့်ခြင်း၊ စာမေးပွဲအောင်သီလရှင်များအား ပင့်ဆောင်ရေးအဖွဲ့မှ သတ်မှတ်ထားသောနေရာများသို့ ပင့်ဆောင်ခြင်းနှင့် အလှူရှင်များက စာအောင်သီလရှင်များအား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ ကိုးနဝင်းပရိယတ္တိ စာသင်တိုက် ပဒါနနာယက ဆရာတော်ဘုရားကြီးထံမှ ရေစက်ချတရားတော်နာယူပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)