ဖြူးမြို့နယ်၊ အ.လ.က (ခွဲ) မြို့မ (၂) ကျောင်း၏ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကျင်းပ

ဖြူး ဇန်နဝါရီ ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အ.လ.က (ခွဲ) မြို့မ (၂) ကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပညာရေးစုံညီပွဲတော်ကို ကျောင်းသား/ ကျောင်းသူများက အဖွင့်သီချင်းဖြင့် သီဆိုဖွင့်လှစ် ပေးကြသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးကျော်စွာဝင်းက အဖွင့်အမှာစကားပြောကြားပြီး အ.လ.က (ခွဲ) မြို့မ(၂)ကျောင်း၊ ကျောင်းအုပ်ကြီးဦးဇော်လွင်က ကျောင်း၏ပညာရေးဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကျောင်းအကျိုးတော်ဆောင်ဦးစိုးဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ စုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြသည့် ကျောင်းသား မိဘများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်၍ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပညာရည်ချွန် ဆုများနှင့် အမျိုးသားနေ့၊ လွတ်လပ်ရေးနေ့၊ အာဇာနည်နေ့၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲဆုများ၊ သင်္ချာ၊ အင်္ဂလိပ်စာစွမ်းရည်ဆုများကို အတန်းလိုက်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင်မျာက အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)