လွိုင်ကော် ဒီဇင်ဘာ ၂
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် (၁-၁၂-၂၀၂၀)ရက်နေ့တွင် လွိုင်ကော်မြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသော Community Based Facility Quarantine များမှ Quarantine ဝင်ရောက်နေသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အသက် (၁၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ (ပိုးတွေ့ရှိ)ရကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာမှာ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်တွင် နေထိုင်သူ အသက်(၁၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ရန်ကုန်မြို့တွင် ဆေးအကူသူနာပြုသင်တန်း တက်ရောက်ခဲ့ရာမှ လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်နေ အသက် (၃၂)နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့်အတူ ရန်ကုန်မြို့မှ အငှားကားဖြင့် (၂၆.၁၁.၂၀၂၀)ရက်နေ့တွင် ထွက်ခွာလာခဲ့ပြီး (၂၇.၁၁.၂၀၂၀)ရက်နေ့ နံနက်တွင် လွိုင်ကော်မြို့၊ ဝါရီကောခူဂိတ်သို့ ရောက်ရှိခဲ့ပြီး ၎င်းမှတစ်ဆင့် နှစ်ဦးစလုံးအား ရွှေလွိုင်ကော် လူမှုကူညီရေးကားဖြင့် လွိုင်ကော်မြို့ ပညာရေးကောလိပ် Community Based Facility Quarantine သို့ တိုက်ရိုက် ပို့ဆောင်ခဲ့သည်။
ရောဂါပိုးတွေ့ရှိသူ အသက် (၁၇)နှစ်အရွယ် အမျိုးသမီးနှင့် အတူပြန်လာသူ အသက် (၃၂)နှစ်အရွယ် အမျိုးသမီးမှာ Test Kit စစ်ဆေးချက်အရ Negative အဖြေထွက်ရှိပြီး ပညာရေး ကောလိပ် Community Based Facility Quarantine တွင် Quarantine ဆက်လက်ထားရှိလျက်ရှိပြီး ရောဂါပိုး တွေ့ရှိသူ အမျိုးသမီးအား လွိုင်ကော် ပြည်သူ့ဆေးရုံကြီး သီးသန့်ဆောင်တွင် စောင့်ကြပ်ကြည့်ရှု ကုသပေးလျက်ရှိရာ လက်ရှိကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက် ရှိကြောင်း သိရှိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)