တောင်တွင်းကြီး ဇန်နဝါရီ ၁၅
ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝစေပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်တက်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခွဲ အ.လ.က(၃) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ် အခြေခံပညာဦးစီးဌာနမှ ဒုတိယမြို့နယ်ပညာရေးမှူး ဆရာကြီး ဦးနိုင်ဝင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်တို့က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ အခြေခံပညာအထက်တန်းကျောင်းခွဲ (Grade -10) ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်အားကစား၊ လူငယ်နှင့် ကိုယ်ကျင့်တရား၊ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် မူးယစ်ဆေး၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် တာဝန်ဝတ္တရား၊ လူငယ်နှင့် စာနာမှု ခေါင်းစဥ်များဖြင့် ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့ သိရှိလိုသည့်အကြောင်းအရာများကို မေးမြန်းခဲ့ကြကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များကို တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ပြီး အဆိုပါ စကားဝိုင်းသို့ အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နောင်နောင်(ဗိဿနိုးမြေ)