လိပ်သိုဒေသရှိ ကျေးရွာများတွင် သဘာဝအလျောက် ပေါက်ရောက်နေသော ရာသီစာဇရစ်ရိုးများ ချိုးယူရောင်းချ

လိပ်သို ဇန်နဝါရီ ၁၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် အေးမြစိုစွတ်သော တောင်ပေါ်ဒေသဖြစ်ခြင်းကြောင့် စိမ့်စမ်းရေများမှဖြစ်ပေါ်လာသော စမ်းချောင်းများဘေးတွင် သဘာဝအလျောက် ပေါက်ရောက်နေသော ရာသီစာဇရစ်ရိုးပင်များကို ကျေးရွာအများစုမှ ဒေသခံများက ချိုးယူရောင်းချကာ မိသားစု အပိုဝင်ငွေရလျက်ရှိနေကြောင်း သိရသည်။

ဇရစ်ရိုးပင်များသည် စမ်းချောင်းများဘေးတွင် သဘာဝအလျောက်ပေါက်ရောက်ပြီး တစ်နှစ်ပတ်လုံး ဇရစ်ရိုးနုများ ထွက်ရှိသော်လည်း မိုးရာသီကာလတွင် ထွက်ရှိသော ဇရစ်ရိုးနုများကို စားသုံးလေ့မရှိပဲ ဆောင်းရာသီနှင့် နွေရာသီကာလတွင် ထွက်ရှိသော ဇရစ်ရိုးနုများကိုသာ စားသုံးကြကြောင်း၊ ဇရစ်ရိုးများကို ပြုတ်ပြီး ထောင်းစား၍လည်းကောင်း၊ ကြော်စား၊ သုပ်စား၍လည်းကောင်း၊ အသားငါးနှင့်ရောချက်၍လည်းကောင်း၊ ဟင်းချိုအဖြစ် လည်းကောင်း ပြုလုပ်စားသုံးကြကြောင်း သိရသည်။

လိပ်သိုမြို့ပေါ်၌ ဇရစ်ရိုးတစ်စည်းလျှင် (၁၀၀ဝိ/-) ကျပ်မှ (၂၀၀ဝိ/-) ကျပ်အထိ ရောင်းချကြကြောင်း၊ ယခင်ကာလများက ဇရစ်ရိုးများ လွန်စွာပေါများခဲ့သော်လည်း ယခုအခါ ဇရစ်ရိုး လိုက်လံချိုးယူသူ များပြားခြင်း၊ စားသုံးသူတိုးပွားလာခြင်းတို့ကြောင့် ဒေသခံများမှာ ဇရစ်ရိုးပင်များကို ထိန်းသိမ်းရန် မိမိတို့၏ အိမ်ခြံဝင်းများထဲတွင် ပြန်လည်စိုက်ပျိုးထိန်းသိမ်းထားကြကြောင်း သိရသည်။

ခင်လေးနွယ်