ပန်းတောင်း ဇန်နဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပြည်သူများ စာပေနှင့် ရင်းနှီးကျွမ်းဝင်ပြီး စာပေဗဟုသုတများ ပိုမိုကြွယ်ဝလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတိုင်ပင်ညှိနှိုင်းဆောင်ရွက်တတ်သည့် အလေ့အထများ ဖြစ်ထွန်းလာနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက စာဖတ်ဝိုင်းများ ကျင်းပဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးလှကျော်က စာရေးဆရာ တော်ဝင်နွယ်ရေးသားထားသော “ယောဆရာတော်၏ ဓမ္မပုံပြင်များ” စာအုပ်နှင့် ပတ်သက်၍ ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စာပေမြတ်နိုးသူများကလည်း ၎င်းတို့၏ အတွေးအမြင်များကို အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) နှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လစဉ်ပြုလုပ်ဆောင်ရွက်လျက်ရှိပြီး စာပေကိုချစ်မြတ်နိုး၍ ဗဟုသုတရလိုသူများအနေဖြင့် အပြန်အလှန်တက်ရောက်ဆွေးနွေးနိုင်ကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)