ရွှေတောင် ဇန်နဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်နှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ ပုံပြင်ပြော၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲအစီအစဥ်များကို ပြုလုပ်ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင်က စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်ရသည့် ရည်ရွယ်ချက်ကို ကျောင်းသား၊ ကျောင်းသူလေးများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အ.မ.က(မင်းတဲ)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲတို့ကို ပါဝင်ယှဥ်ပြိုင်ခဲ့ကြရာ ပထမ၊ ဒုတိယနှင့် တတိယရရှိသည့် ကျောင်းသား၊ ကျောင်းသူလေးများကို ဆုများအသီးသီးချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်နွေးဒါလီနိုင်မှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်ပြပွဲနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)