တောင်တွင်းကြီး ဇန်နဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစောမောင်၏ လမ်းညွှန်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ယနေ့နံနက်ပိုင်းက မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် နေအိမ်များအတွင်း သွယ်တန်းထားသည့် ဝါယာကြိုးဟောင်းနွမ်း ပေါက်ပြဲမှု ရှိ၊ မရှိ၊ ချက်ပြုတ်သည့်နေရာများတွင် အသုံးပြုသည့် မီးဖိုများအား ချက်ပြုတ်ပြီးပါက ငြှိမ်းသတ်မှု ရှိ၊ မရှိ၊ လျှပ်စစ်ပစ္စည်းများအား သုံးစွဲပြီးပါက ခလုတ်များနှင့် မီးပလပ်များဖြုတ်ခြင်း ရှိ၊ မရှိ၊ မီးငြှိမ်းသတ်ရေးအတွက် မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကပ်များ ပြင်ဆင်ထားရှိမှု ရှိ၊ မရှိတို့ကို တာဝန်ရှိသူများက စစ်ဆေးခဲ့ကြပါသည်။
ထို့နောက် မီးလောင်ပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊ မီးလောင်မှုအမျိုးအစားအလိုက် မီးလောင်မှုမကြီးမားခင် ပြည်သူများကိုယ်တိုင် ငြှိမ်းသတ်နိုင်သည့် နည်းစနစ်များနှင့် မီးဘေးအန္တရာယ်ကြုံတွေ့ချိန်တွင် အသက်အန္တရာယ် မထိခိုက်စေရေးအတွက် ဆောင်ရွက်ရမည့် အချက်အလက်များကိုလည်း ပညာပေးပြောကြားခဲ့ပါသည်။
နောင်နောင် (ဗိဿနိုးမြေ)